နှုတ်မဆက်နဲ့ 
တိတ်တိတ်ကလေးထွက်သွားပါ
လက်ကလေးထောင်
တာ့တာလို့ ယောင်ပြီးမပြောနဲ့ 
မနက်ဖြန်ပေါင်းများစွာကို
ရင်ဆိုင်ရဦးမှာမို့ 
မရောက်ခင်ကပန်း
မစခင်ကနွမ်းနေခဲ့ လို့ 
လွမ်းရမှာကြောက်နေခဲ့တာ
ချစ်မိခဲ့တဲ့ငါ့အပြစ်ပါ
ဒါကြောင့်................
နှုတ်မဆက်ပါနဲ့ 
တိတ်တိတ်လေးပဲထွက်သွားပေးပါ...........
                                    စိုးနှင်းဖြူဖြူ

လေလွင့်သူ

အို ထာဝရ တိမ်းရှောင်သူ
သင်သည် အရမ်းကာရော ပြေးလွှားဘိ၏။

ကိုယ်မဲကသော သင်၏
ရေးကြီး သုတ် ပျာ နိုင်မှု တစ်ဝိုက်တွင်
ငြိမ်သက်သော ဟင်းလင်းပြင်သည်
အလင်းရောင် ၀ဲဂယက် ပူဖောင်းများ အဖြစ်
ပျာယာခတ်လျက် ရှိ၏၊

အတိုင်း အဆမရှိသော
အထီးကျန် ဘ၀ထဲမှာ ခေါ်လျက်ရှိသော ချစ်သူထံတွင်
သင့်နှလုံးသားကို ပေးအပ်ခဲ့ပြီလော။

ထုံးနှောင်ထားသည့် သင့် ဆံနွယ်တို့သည်
မုန်တိုင်းဆန်သော ဖရိုဖရဲ အသွင်သို့ ရောက်ခဲ့ပြီ။

ကြိုးပြတ်သော ဘယာက်တစ်လုံးမှ ပြုတ်ထွက်သည့်နှယ်
မီးလျှက်ပုလဲလုံးတို့သည် သင့် လမ်းတစ်လျှောက်
ကြိုးပြတ်သော ဘယက်တစ်ကုံးမှ ပြုတ်ထွက်သည့်နှယ်
မီးလျှံပုလဲလုံးတို့သည် သင့်လမ်းတစ်လျှောက်တွင်
တလိမ့်လိမ့် ပြန့်ခဲ့ကြပြီ။

သို့ဖြစ်ရခြင်းသည် သင်၏ အဆောတလျင် ဖြစ်မှုကြောင့်လော။

လှစ်ခနဲ့ ပြေးသွားသော သင့်ခြေလှမ်းများသည်
ထိုကမ္ဘာမြေကြီး၏ ဖုန်မှုန့်များကို
ချိုမြအောင် နမ်းရှုပ်သွားကြလေ သလော။

အဖြုန်းအတီး၊ အညစ် အကြေး အားလုံးကို ဘေးဖယ်ကာ
ကခုန်နေသော သင့်ကိုယ်လက်အင်္ဂါများကို ဗဟိုပြုထားသည့်
မုန်းတိုင်းသည် ဘ၀ရေပြင်ပေါ်ဝယ်
မရဏမိုးပေါက်တို့ကို လှုပ်ခါချကာ
ဘ၀ကို ရှင်သန်စေခဲ့သည် တကား။

ရုတ်တရက် မောပန်းကာ သင် အပြေးရပ်လိုက် လျှင်
ကမ္ဘာကြီးသည် အပျက်အစီးပုံကြီးတစ်ခု ဖြစ်သွားတော့အံ။

သေးငယ်ဆုံးသော ဖုန်မှုန့်ကလေးသည်ပင်
ပြင်းထန်သော ဖိနှိပ်မှုကြောင့် အဆုံးအစမရှိသော
မိုးကောင်းကင် အကာကြီးကို ထိုးဖောက်ပျံတက်သွားတော့အံ။

ငါ့အတွေးများသည်
မမြင်ရသော သင့်ခြေထောက်များ၏ နရီစည်းချက်ဖြင့်
လျင်မြန်သွက်လက်လျက်ရှိကြ၏။ ထို ခြေထောက်တွင်
အလင်းရောင် ခြေကျင်းတို့သည် လှုပ်ယမ်းလျက်ရှိကြကုန်၏။

ထိုခြေကျင်းတို့သည် ငါ့နှလုံးသား၏ သွေးခုန်နှုန်းထဲတွင်
ပဲ့တင်ထပ်လျက်ရှိကြကုန်၏။ အိုမင်းသော ပင်လယ်၏
ဓမ္မတေးသီချင်းတို့သည် ငါ့သွေးထဲတွင်
နိမ့်မြင့် ထကြွလျက် ရှိကြကုန်၏။

ငါ့ဘ၀ကား
ကမ္ဘာတစ်ခုမှ ကမ္ဘာတစ်ခုသို့
ဘုံတစ်ခုမှ ဘုံတစ်ခုသို့ ပို့ဆောင်ပေးနေသည့်
မိုးကြိုးထစ်သကဲ့သို့သော ဒီရေ တက်သံတို့ကို
ငါကြားရ၏။

ထိုဒီရေသည် ငါ၏ အတ္တအား
အဆုံးမရှိသော ရေပန်းရေမွှား လက်ဆောင် များ အဖြစ်သို့
ဖြန့်ကြဲ ပေးစေလျက်ရှိ၏။ သောကနှင့်
တေးသီချင်းများအဖြစ်သို့ ပြောင်းလဲပေးလျက်ရှိ၏။

ဒီရေသည် မြင့်တက်လာခဲ့ပြီ။
လေသည် ပြင်းစွာတိုက်ခတ်လာခဲ့ပြီ။

အိုငါ့နှလုံးသား။ သင်၏ ဆန္ဒကဲသို့ ပင်
လှေငယ်သည် လှုပ်ယမ်းလျက်ရှိပါ၏။

ကုန်စည်တို့ကို အကမယ် တွင် ထားရစ်ကာ
အတိုင်းအဆမရှိသော အမှောင်ကို ဖြတ်သန်းကာ
အတိုင်းအဆမရှိသော အလင်းရှိရာသီု့
ရွက်လွှင့်လေတော့။

                                                    မြသန်းတင့်

အချစ်ဖြတ်ဆေး

အချစ်ဆိုတာ..ထင်သလောက်အရေးမပါဘူး..
ခင်ဗျားတို့အတွက် ခါးမယ့်ဆေး.......
သကြားလေးတောင် မအုပ်ပဲကြွေးလိုက်တယ်..။
အစကတော့ အချစ်ဆိုတာ မရှိမဖြစ်အရာပဲ...
ပိုပြီး အဆင့်မြှင့်လိုက်မှ ဇိမ်ခံပစ္စည်းဖြစ်သွားတယ်.။
ဝတ္ထုတွေက အချစ်အကြောင်းပါမှ ဖတ်ကောင်းတယ်...
ရေမွှေးပုလင်းလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ........
အချစ်နာမည်...တပ်ထားတယ်.......
ဖေဖေါ်ဝါရီ ၁၄ လည်း အချစ်နာမည်တပ်မှ လူစည်တယ်..
တကယ်တော့ ဘာမှမဟုတ်ဘူး.....
လူတွေက အချစ်ကို အရသာခံချင်နေတာ..။
ထိခိုက် ၀မ်းနည်းဖွယ်ရာတွေ လူတိုင်းမှာရှိတာပေါ့....
ဒါကို တသသ လုပ်နေရင်တော့ ကြီးထွားလာမှာပဲ....
ဒီလိုပဲ...ဖြတ်သန်းနေကြတာလေ............
ငါ့ကျမှ ဖြစ်ရလေခြင်းလို့ တွေးရင်တော့..........
အဲဒါဟာ....ကိုယ့်ကိုကိုယ် သနားတတ်တဲ့ရောဂါပဲ..။
ပေါတောတော...ရုပ်ရှင်တွေထဲကလို......
အိပ်ရာကြီးပေါ်တတ်ပြီး...မျက်ရည်ကျနေတာက..ဇိမ်ခံနေတာပဲ..
အချစ်ကို ခုတုံးလုပ်ပြီး လူအသနုားခံချင်စိတ်မွေး....
ကိုယ့်အပျင်းကိုယ်....အားပေးနေကြတာပါ...။
အစွန်းမရောက်ဖို့...ပြောနေတာ..........
ဦးနှောက်သမားတွေက...အချစ်ကို..
လှေကားတစ်စင်းလို ကြည့်တယ်.....
သူ့ ကိုသုံးပြီး အပေါ်ဘယ်လိုတက်ရမလဲရှာတယ်....
နှလုံးသား သမားတွေက..အချစ်ကို...
ဆိုဖာ တစ်ခုလို အသုံးပြုနေတယ်...
အားအားရှိ..အဲ့ဒီအပေါ် တက်ခွေနေကြတယ်...။
ကဗျာဆရာတစ်ယောက်က ပြောဖူးတယ်...
အချစ်ဆိုတာ.......အဖန်တရာတေအောင်..
လူတွေပြစ်မှား ..အပြောများလွန်းလို့....
အပေါစား ဖြစ်သွားတဲ့ “ စကားတစ်လုံး ” တဲ့...
ကဲ....စဉ်းစားမိတဲ့...အဖျားဖြတ်ဆေးလေး....
ခင်ဗျားတို့ကို လက်ဆင့်ကမ်းပေးလိုက်တယ်...။ ။
                                                        ဇာနည်

ကဗျာများကို ဆက်လက်ဖတ်ရှုရန်
Home Tab ဘေးရှိ "ကဗျာများ" Tab ကို
နိုပ်ပါ။ ကျေးဇူးတင်ပါသည်